တာယာ တွေရဲ့သက်တမ်းကို တိုးမြှင့်ရအောင်။


 ကားတစ်စီးလုံးရဲ့ဝန်ကို ထမ်းပေးနေရတဲ့ ကားဘီး (တာယာ)တွေ က ဘယ်လို အရေးပါလဲ၊ တာယာ တွေကိုဘယ်လိုစစ်ဆေးထိန်းသိမ်း ရမှာလဲ ဆိုတာ ကို မျှဝေပေးပါရစေ။  တာယာတွေက ယာဉ်၏အလေးချိန်ကို ထောက်ပံ့ပေးခြင်း၊ လမ်း၏ဆောင့်ဒဏ်ကို လျှော့ချပေးခြင်း၊  လမ်းမျက်နှာပြင်သို့ကုပ်အားသက်ရောက်ပေးခြင်း နှင့် မောင်းနှင်သည့်လမ်းကြောင်းကို ထိန်းသိမ်းပေးခြင်း၊ ပြောင်းလဲပေးခြင်း ဆိုတဲ့ အရေးကြီးတာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။

လမ်းမျက်နှာပြင်နှင့် အမြဲတမ်းထိတွေ့နေရတာကြောင့် ပွန်းစားမှုဒဏ်ကိုခံရပြီးတာယာပန်းများ တဖြေးဖြေး လျော့နည်းလာတတ်ပါတယ်။ အဲ့ဒီအခါမှာ လမ်းချော်မှုတွေ ဖြစ်ပေါ်လာနိုင်သလို လမ်းမျက်နှာပြင်သို့ ကုပ်အား သက်ရောက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။မိုးရာသီတွေမှာမောင်းနေချိန်လမ်းချော်မှုမဖြစ်စေဖို့ တာယာတွေကို ပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။

တာယာတွေ ရဲ့ အဓိကအချက် အနေနဲ့ သတ်မှတ်တာယာပန်းအထူ ရှိ/မရှိ၊သတ်မှတ်လေပေါင် ရှိ/မရှိ ကို သိရမှာ ဖြစ်ပါတယ်။ တာယာပန်းအထူ ၁.၆ မီလီမီတာထက်လျော့နေပြီဆိုရင် တာယာများကို လဲလှယ်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်တာယာလေပေါင်ပမာဏကို မိမိကားရဲ့ ယာဉ်မောင်းတံခါးအတွင်းဘောင် သို့မဟုတ် မော်တော်ယာဉ်လက်စွဲစာအုပ်တွင် ဖော်ပြထားတဲ့လေပေါင် ပမာဏအတိုင်း ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

ဘယ်လိုစစ်ဆေးထိန်းသိမ်း ရမှာလဲ?

၁.တာယာစစ်ဆေးခြင်း

ကိုယ့်ကား ရဲ့ တာယာလေးတွေ အခြေအနေဘယ်လိုရှိလဲ သိဖို့ အတွက် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းဖို့လိုပါတယ်။ ဒီလိုစစ်ဆေး ထိန်းသိမ်းမှ တာယာလေးတွေ ကို သက်တမ်းတစ်ခု ပြည့်မီတဲ့ အထိ အသုံးပြုနိုင်ပါလိမ့်မယ်။ ကားတစ်စီးရဲ့ ကောင်းမွန်တဲ့ အခြေအနေက ကားတာယာ ပေါ်မှာလည်းမူတည်ပါတယ်။ တာယာလေးခုလုံး ကို အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ၊ ပြီးတော့ ခရီး‌ဝေးသွားခါနီး အခါမျိုးတွေ မှာ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ကားမမောင်းနှင်ခင်၊ ကားရေဆေးချိန် ဒါမှမဟုတ် တာယာလေဖိအားစစ်ဆေး တဲ့ အချိန် တွေမှာ ကိုယ်ရဲ့ လက်နဲ့ ကားတာယာတွေ အောက်မှာ တာယာကို ထိုးဖောက်နိုင်တဲ့ အရာများ ရှိမရှိ နဲ့ တာယာဘေးနံရံတွေ က ထိုးဖောက်ခံထားရလား စစ်ပေးရပါမယ်။

၂. တာယာဖိအားကို ပုံမှန်စစ်ဆေးခြင်း

၂ ပတ် ဒါမှမဟုတ် ၄ ပတ် တစ်ခါ တယာဖိအားကို အလေ့အကျင့် တခုလို စစ်ဆေးခြင်းက  မောင်းနှင်းမှု့ကို လုံခြုံစေသလို တာယာတွေ ကိုလည်း ကြာရှည်အသုံးပြုနိုင်ပါမယ်။ မိမိကားရဲ့ လက်စွဲစာအုပ် မှာ အကြံပြုထား တဲ့ သတ်မှတ်ချက်များ နဲ့ စံနှုန်းများ အတိုင်း တာယာဖိအားကို ထိန်းသိမ်းပြီး အသုံးပြုရပါမယ်။ ပြုပြင်ဖို့ လိုအပ်လာပြီ ဆိုတာ သိတာနဲ့ ပြုပြင်ဖို့လည်း မမေ့ပါနဲ့ ။ လမ်းမထက်မှာ အမြဲမောင်းနှင် အသုံးပြုနေသ၍ တာယာတွေ က လည်း လုံခြုံမှု့ပေးစွမ်းဖို့ အရေးပါပါတယ်။

၃. Wheel Alignment

တာယာတွေရဲ့  တွဲဖက် ဖြစ်တဲ့ Wheels တွေရဲ့ Alignment ကိုလည်း ကီလိုမီတာ ၅၀၀၀ ရောက်တိုင်း ညှိပေးရပါမယ်။ ခရီးသွားဖို့ လိုအပ်လာပြီ ဆိုရင်တော့ ကြိုတင် စစ်ဆေးပေးရပါမယ်။ ဒါမှသာ ကားတာယာ မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုခု ရှိနေရင် သိနိုင်မှာပါ။

၄. Wheel Balancing

Wheel Balancing ကိုလည်း သတိထားဖို့ လိုပါတယ်။ Wheel Balancing က တာယာတွေ နဲ့ ဘီးတွေ ကို တုန်ခါမှု့ မဖြစ်စေဘဲ လည်ပတ်စေတာ ကြောင့် မောင်းနှင်ချိန် တုန်ခါမှု့ ကို ခံစားရပြီ ဆိုရင် ဘီးတွေ တပ်ဆင်ထားမှု့ ကို ပြန်လည် စစ်ဆေးဖို့ လိုအပ်လာပါပြီ။ Wheel Balancing က မိမိ ရော ကားကိုပါ ပိုမိုကောင်းမွန်ငြိမ့်ညောင်းစေတဲ့ မောင်းနှင်မှု့ နဲ့ စီးနှင်းမှု့ ကိုပေးပါတယ်။

၅. တာယာ အရွယ်အစား

အကောင်းဆုံး radial အားသာချက် အတွက် ကားလက်စွဲစာအုပ်မှာ အကြံပြုထားတဲ့ rim width ရှိတဲ့ တာယာများ ကို ‌ရွေးချယ် တပ်ဆင်ပါ။

၆. တာယာများကို Post Puncture Maintenance ပြုလုပ်ခြင်း

ဘီးပေါက်ပြီးတဲ့အခါ ဘီးပေါက်တဲ့ဒဏ်ကြောင့် တာယာတွေ ပျက်စီးမှု့ ထိခိုက်မှု့ ရှိမရှိ သေချာစစ်ဆေးပါ။ Tubeless and tube type tyre တွေကို အစားထိုးတော့မယ် ဆိုရင် tubeless အဆို့ရှင် အသစ် နဲ့ tube အသစ် ကိုသာ အသုံးပြုသင့်ပါတယ်။

၇. Tyre Rotation

တာယာတွေဟာ အသုံးပြုတာကြာလာတဲ့အခါ ဆွေးမြေ့ ပျက်စီးလာပါတယ်။ အသုံးပြုနေတဲ့ တာယာတွေဟာ တနေရာထဲကွက်ပြီး ဆွေးမြေ့တာမဖြစ်အောင် ကီလိုမီတာ ၀,၀၀၀ ရောက်တိုင်းမှာတာယာအနေအထား ပြောင်းလဲတာကိုလုပ်ဆောင်ပေးသင့်ပါတယ်။ဒီလိုလုပ်ပေးခြင်းက တာယာသက်တမ်း ကို ကြာရှည်စေပြီး ကောင်းမွန်တဲ့  balanced handling ကို ခံစားရပါလိမ့်မယ်။

၈.  ဝန်ပိုများ တင်ဆောင်ခြင်း

မိမိကားပေါ်ကို သတ်မှတ်ပေးထားတဲ့ တန်အားဝန်အားထက် ပိုပြီး တင်ခြင်းကလည်း တာယာတွေ ကို ပျက်စီးစေပါတယ်။                                                                                                                            

၉. Tyre Replacement

တာယာတွေ ရဲ့ သက်တမ်းက မတူညီကြပါဘူး။ မိမိ ရဲ့ ကားမောင်းတဲ့ပုံစံ၊ အသုံးပြုတဲ့အကြိမ် ရာသီဥတု နဲ့ ဘယ်လို စစ်ဆေးထိန်းသိမ်းလဲ ဆိုတာတွေ ပေါ် မူတည်ပါတယ်။ တာယာတွေဟာ တချိန်ချိန်မှာတော့ ဆွေးမြေ့ပျက်စီးတာပါပဲ။ တာယာပတ်ပတ်လည်မှာပါတဲ့ ဆွေးမြေ့မှူ့ပြ အမှတ်အသားလေးတွေ (Tread Wear Indicator) ကိုမြင်နေရပြီဆိုရင်တော့ လဲလှယ်သင့်ပါတယ်။ 

Comments