Covid-19 ကာလမှာငြိမ်သက်နေရတဲ့ကားလေးကိုဘယ်လိုဂရုစိုက်ရမလဲ။


Covid-19 ကပ်ရောဂါဆိုးကြီးကလူတိုင်းကို အိမ်ထဲမှာ မနေမဖြစ်နေရဖို့ ဖြစ်လာခဲ့စေပါတယ်။ အရင် ပုံမှန်နေထိုင်မှု့ပုံစံကနေ လုံးဝကွဲထွက်ပြောင်းလဲသွားပြီး အကြောင်းကိစ္စ ရှိမှသာ သွားကြရတဲ့ ကန့်သတ် နေထိုင်မှု့ အခြေအနေ ကို ရောက်သွား ပါတယ်။ လူတွေ ပဲလား ဆိုတော့ မဟုတ်ပါဘူး မိမိ အတွက်အမြဲ မောင်းနှင်ပေးနေတဲ့ ကားတွေလည်း ပါတာပေါ့။ ဒါကြောင့် ဒီတပတ် သင့်ရဲ့ ငြိမ်သက်နေရတဲ့ ကားလေးကို ပြန်လည် စီးနှင်းမောင်းနှင်တဲ့အခါ အရင်လိုပဲ သွက်လက်နေစေဖို့ ဘယ်လိုမျိုး ဂရုစိုက်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

·       ‌‌ကားရပ်ထားမယ့် နေရာကို သေချာရွေးချယ်ပါ။

ရပ်ထားရမယ်ဆိုတော့ ‌‌ကားထားမယ့် နေရာကို သေချာရွေးချယ် ရပါမယ်။ ပိုမိုလုံခြုံပြီး သန့်စင်နေဖို့က လည်း အရေးကြီးပါတယ်။တကယ်လို့နေရာ အခက်အခဲဖြစ်နေခဲ့ရင် အရည်သွေးကောင်းတဲ့ ကားအဝတ်ကာဗာအဖုံး ကို ရွေးချယ်ပြီး အုပ်ပေးစေချင်ပါတယ်။ ဖုန်မှုန့်၊ ငှက်ချေးများ ဒါမှမဟုတ် တခြားအရာတွေက ကားကို  သံချေးတက်ခြင်း နဲ့ အခြားသော ထိခိုက်မှု့ မဖြစ်စေဖို့ ကာကွယ်ပေး နိုင်ပါတယ်။ ကားကို မဖုံးမအုပ်ဘဲ ထားမယ် ဆိုရင်တော့ ဆေးပြန်မှုတ်ရတဲ့ အဖြစ်မှ ကာကွယ်ဖို့ မိမိကားရဲ့ အပြင်ဘက် မျက်နှာပြင် အပျက်အစီး မဖြစ်ပေါ်စေရန် မကြာခဏဆေးကြော ပေးရပါမယ်။

·       တာယာကိုပုံမှန် စစ်ဆေးခြင်း ပါ။

တာယာတွေက လမ်းနဲ့ ဆက်သွယ်တဲ့ ကားရဲ့ တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်ပါတယ်။ အကယ်၍ ကားကို အချိန်ကြာမြင့်စွာ မမောင်းနှင်ပါက တာယာရှိ ဖိအားက လျော့ကျသွားတတ်ပါတယ်။ တာယာ ဖိအားကိုပုံမှန် စစ်ဆေးခြင်း ကလည်း အရေးကြီးပါတယ်။  ဒါ့အပြင် ယိုစိမ့်မှု့ မရှိစေရန် အဆို့ရှင် နှင့်အဆို့ရှင်အဖုံး တွေကို စစ်ဆေးပေးရ ပါမယ်။

·       Hand Brake ကို အကြာကြီး အသုံးပြုထား တာမျိုးကို ရှောင်ကြဉ်ပါ။

ကားကို မမောင်းနှင်ပဲ ရပ်ထားတဲ့ အခါ Hand Brake ကို အကြာကြီး အသုံးပြုထား တာမျိုး ကို ရှောင်ကြဉ် ရပါမယ်။ Hand Brake သုံးတာ ကြာလာခြင်းက ဘရိတ် pad နှင့် disc ကြားထိတွေ့ရာ နေရာတွေကို သံချေးတက်စေတဲ့ အပြင် ဘရိတ်လည်း ညှပ်သွားနိုင်ပါတယ်။ ကားဘီးများ မလှိမ့်သွားဖို့ ကိုတော့  Wheel Chocks ( ဘီးခံတုန်းများ) အသုံးပြုပြီး  First gear ဖြင့် ထိန်းထားနိုင်ပါတယ်။

·       ဘက်ထရီကို ဖြုတ်ထားလိုက်ပါ။ 

ကားကို အချိန်ကြာကြာ မောင်းနှင်ဖို့ မလိုသေးဘူး ဆိုရင်ဖြင့် ဘက်ထရီကို ဖြုတ်ထားလိုက်ပါ။  ကားရဲ့ cable connectorsတွေ သံချေးမတက်စေဖို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် လေးရက်တစ်ခါကားကို စက်နှိုးပေး နိုင်ပါတယ်။ နောက်တနည်းကတော့ ကားကိုအနည်းဆုံး တစ်ပတ်တစ်ကြိမ်မောင်းပါ။ မိနစ်သုံးဆယ်ခန့် မောင်းနှင်ခြင်းက ဘက်ထရီကို ကောင်းမွန်စေရုံမက တာယာတွေ အတွက်ပါ အကျိုးပြုပါတယ်။

·       ကားပတ်ပတ်လည် နဲ့ အတွင်းခန်းကိုစစ်ဆေးပါ။

နှစ်ပတ်တစ်ကြိမ် ကားပတ်ပတ်လည် နဲ့ အတွင်းခန်းကိုပါစစ်ဆေးပါ။ ကားအတွင်းခန်းကို လေမှုတ်စက် နှင့် လေအေးပေးစက် များ ဖွင့်ပေးပါ။ ဒါက ကားအတွင်း ရှိနေနိုင်တဲ့ ဖုန် နဲ့ အခြားအမှုန်များ ကိုဖယ်ရှားပေး ပါလိမ့်မယ်။ ကားအတွင်းပိုင်း သန့်ရှင်းနေဖို့လည်း အရေးကြီးပါတယ်။

·       ကား Engine Oil ကိုစစ်ဆေးပါ။

ကားတစ်စီး ရဲ့ ကျန်းမာရေး အတွက် engine oil ကလည်းအဓိက ကြပါတယ်။ Engine oil က ရွေ့လျားနေတဲ့ အစိတ်အပိုင်းအားလုံး ကောင်းမွန်စွာ လုပ်ဆောင်ဖို့  အထောက်အကူ ပြုပေးပါတယ်။ ဒါကြောင့် engine oil ကိုလည်း manufacturer specification  နဲ့အညီ စစ်ဆေး လဲလှယ်ပေးရပါမယ်။

·       လောင်စာဆီ အပြည့်ဖြည့်ထားပါ။

ကားကို မမောင်းနှင်ရပဲထားရလို့ တခါတလေပဲ အသုံးပြု ရတယ် ဆိုပြီး လောင်စာဆီ မဖြည့်ဘဲ မထားရပါဘူး။ သတ်မှတ်ထားတဲ့အတိုင်း အပြည့်ဖြည့်ထား ရပါမယ်။ လောင်စာဆီ ကို အပြည့်ဖြည့် ပြီး tank ကို စနစ်တကျပိတ် ဖို့လည်း သတိထားရပါမယ်။ ဒါမှ tank အတွင်း အစိုဓာတ် ဖြစ်စေခြင်းကို ကာကွယ်နိုင်ပြီး သံချေးတက်ခြင်း ကို မဖြစ်စေတော့ ပါဘူး။

အရင်လို နေ့စဉ်မပြတ် မောင်းနှင်းပြီး ခရီးတွေ ပြန်ထွက်ကြတဲ့ အခါ မိမိကားလေး သွက်လက်နေဖို့ ခုပဲ စစ်ဆေးကြရအောင်။

Comments