တာယာ နဲ့ တာယာလေပေါင် စစ်ဆေးကြမယ်။


 တာယာတွေ က ကားတစ်စီး အတွက် မရှိမဖြစ် အရေးကြီးတဲ့ အစိတ်အပိုင်း ဆိုတာ အမှန်ပါပဲ။ တာယာတွေဟာ ကားမှာ ပါရှိတဲ့ မြောက်များစွာသော ပစ္စည်းတွေ ထဲမှာမှ လမ်းမျက်နှာပြင် နဲ့ ထိတွေ့ချိတ်ဆက်ပေးတဲ့ တစ်ခုတည်းသော အရာလည်း ဖြစ်ပါတယ်။ တာယာတွေ မကောင်းတော့ရင် ကားရော မိမိပါ လုံခြုံဘေးကင်းတဲ့ မောင်းနှင်စီးနှင်းမှု ကို မရရှိနိုင်ပါဘူး။

တာယာတွေက ရာဘာနဲ့ ပြုလုပ်ထားတာ ဆိုတော့ လမ်းမျက်နှာပြင်နဲ့ အမြဲ အဆက်မပြတ်ထိတွေ့ နေရတာကြောင့် ပွတ်စားမှုကို ခံရပါတယ်။ တာယာတွေ ရဲ့ လေပေါင်များနေတာ၊ လေပေါင်နည်းနေတာ၊ မမှန်ကန်တဲ့ Toe ဒါမှမဟုတ် Camber တွေက တာယာတွေ ပွန်းစားစေမှုကို ပုံမှန်မဟုတ်ဘဲ ပုံမှန်ထက် ပိုပြီး ပွန်းစားမှု မြန်တာမျိုးကို ဖြစ်ပေါ် စေပါတယ်။

ဘာကြောင့် တာယာပွန်းစား တာလဲ?

လေပေါင် အလွန်နည်းမယ် ဆိုရင် တာယာအစွန်း ၂ ဖက်ကို ပွန်းစားစေပါတယ်။

လေပေါင် အလွန်များပြန် ရင်လည်း တာယာအလယ်နေရာ ပွန်းစားလာပါတယ်။

Toe-in ဒါမှမဟုတ် Toe-out ဖြစ်လာရင်လည်း တာယာ အစွန်းဖက်မှာ ငှက်မွှေးပုံစံ ပွန်းစားတာ တွေ့ရပါမယ်။

Camber ပြဿနာ ရှိနေရင် တာယာ အစွန်း တစ်ဖက်ထဲ ပွန်းစားတာမျိုး တွေ့ ရပါမယ်။

Block Pattern Tire အမျိုးအစားမှာတော့ မူမမှန်သောပွန်းစားမှု(Characteristic Wear) မျိုးတွေ ပွန်းစား ပြီဆိုရင် တာယာပန်းတွေ ခုတ်စား လာတာ တွေ့ရပါတယ်။

ဘယ်လို အချိန်မှာ လဲလှယ်သင့် သလဲ?

တာယာတွေ ရဲ့ သက်တမ်းက မတူညီကြပါဘူး။ တာယာတွေ အပေါ်  ဂရုစိုက်မှု့ ၊မောင်းနှင် အသုံးပြုမှု့ ၊ ရာသီဉတု နဲ့ ဘယ်လို စစ်ဆေး ထိန်းသိမ်းလည်း ဆိုတာတွေ ပေါ် မူတည်ပြီး တာယာတွေရဲ့  အသုံးခံမှု သက်တမ်းကလည်း ကွဲပြား ပါတယ်။ ၆လ ခန့် ဒါမှမဟုတ် ကီလိုမီတာ ၅,၀၀၀ မှာ ပြုပြင် ထိန်းသိမ်း စစ်ဆေး တာက တော့ အကောင်းဆုံးပါပဲ။

မလဲလှယ် မစစ်ဆေးရင် ဘာတွေ ဖြစ်လာမလဲ?

တာယာလေပေါင် မမှန်တော့ရင် ပွန်းစားတာတွေ ဖြစ်လာ ရုံသာမက တာယာ ချို့ယွင်းမှုကိုပါ ဖြစ်စေနိုင်ပြီး ပေါက်ကွဲတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ ကုပ်အားမကောင်းတာကြောင့် ကားက လမ်းရဲ့ သက်ရောက်မှုကို ကောင်းစွာ စုပ်ယူနိုင်မှာ မဟုတ်ဘူး။ 

ဒါကြောင့် တာယာ နဲ့ တာယာလေပေါင် ကို အချိန်မှန်မှန် စစ်ဆေး ထိန်းသိမ်းဖို့ မမေ့ပါနဲ့ ခင်ဗျာ။

 

Comments