Brake မမိခြင်း ပြသာနာ မဖြစ်ရအောင်…


ဘရိတ်ဆီက ရေငွေ့ကို အလွယ်တကူ စုပ်ယူနိုင်စွမ်း ရှိလို့ အသုံးပြုမှု ကြာလာတာ နဲ့ အမျှ အရည်အသွေး ကျလာတတ်ပါတယ်။ အပူဖြစ်ပေါ် လွယ်ကာ ဘရိတ်ဆီ လိုင်းအတွင်းမှာ လေပူဖောင်းတွေ ဖြစ်ပေါ်လာ ပါလိမ့်မယ်။ အဲ့အခါ ဘရိတ်ခြေနင်းကိုနင်းတဲ့ ပရက်ရှာကို လေပူဖောင်းတွေက စုပ်ယူလိုက်တဲ့ အတွက်ကြောင့် ဘရိတ်ပတ်(သို့မဟုတ်) ဘရိတ်ရှူးများဆီသို့ ပရက်ရှာမရောက်ရှိတော့ပဲ ဘရိတ် မမိခြင်း ပြဿနာ ဖြစ်ပေါ် လာပါလိမ့်မယ်။ ဘရိတ်ဆီသိုလှောင်ဘူးကနေ ဆီပမာဏလျော့ကျလာတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘရိတ်ပတ် နဲ့ ဘရိတ်ရှူးပါးနေခြင်း (သို့) ဘရိတ်ဆီယိုစိမ့်နေခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ်ဆီ ပမာဏကိုလဲ ပုံမှန်စစ်ဆေးဖို့ အကြံပြုချင်ပါတယ်။

ဘရိတ်ဆီက ဘာလို့များ လိုအပ် ပါသလဲ?

ဘရိတ်စနစ် ဆိုတာ ယာဥ်မောင်းက ဘရိတ်ခြေနင်းကို နင်းလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဖိအားကို ဘရိတ်ပတ် (Brake Pad) (သို့မဟုတ်) ဘရိတ်ရှူးများ(Brake Shoes) မှတဆင့် ကားဘီးဆီကို သက်ရောက်တာကြောင့် ကားကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

ဘရိတ်ဆီရဲ့ တာဝန်ကတော့ ဘရိတ်ခြေနင်းရဲ့ ဖိအားကို ဘရိတ်ပတ်(သို့မဟုတ်)ဘရိတ်ရှူးတွေ ဆီကို ရောက်အောင် ပို့ဆောင် ပေးတာ ဖြစ်ပါတယ်။ ဘရိတ်ဆီက ဘရိတ်စနစ်တွက် အလွန်ကို အရေးကြီးတဲ့ နေရာကနေ တာဝန်ယူ ပေးပါတယ်။

ဘယ်အချိန်မှာ ဘရိတ်ဆီကို လဲပေးရမလဲ?

ကီလိုမီတာ ၁၀,၀၀၀ (သို့) ၁နှစ် အကြာမှာ ပုံမှန် စစ်ဆေးပြီး ကီလိုမီတာ ၂၀,၀၀၀ (သို့) ၂နှစ် အကြာမှာလဲလှယ် ပေးရပါမယ်။

ဘရိတ်ဖမ်းလိုက်တဲ့အခါ၊ ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်ခြေနင်းက ပုံမှန်မဟုတ်ဘဲ မာနေတာ၊ ဒါမှမဟုတ် ပျော့ကျသွားတာ၊ဘရိတ်ရှောသွားတာမျိုးဆိုရင် ဘရိတ်ဆီအခြေနေကို စစ်ဆေးကာ ဘရိတ်ဆီ မကောင်းတော့ဘူး ဆိုရင် အသစ်လဲလှယ်သင့်ပါတယ်။ နောက်တစ်ခုကတော့ ဘရိတ်နင်းလိုက်တိုင်း ဘရိတ်ဆုံ ကနေအသံထွက်လာတာ ဒါမှမဟုတ် ဘရိတ်ဆုံကနေ မော်တာမောင်းသလို အသံတွေထွက် လာတာဆိုရင်တော့ ဘရိတ်ဆီကိုစစ်ဆေးပြီး လဲလှယ်သင့်ပါပြီ။ 

ဘယ်လို စစ်ဆေးတာမျိုး လုပ်လို့ ရပါသလဲ?

မမောင်းနှင်ခင် မိမိကားရဲ့ ဘရိတ်ဆီအရောင်ကို စစ်ဆေး ကြည့်ပါ။ Highway သွားမဲ့ အခါမျိုးမှာပိုပြီး စစ်ဆေးသင့်ပါတယ်။ ဘရိတ်ဆီအဖုံးကို ဖွင့်စစ်ဆေးကြည့်တဲ့အခါ ဘရိတ်ဆီအရောင်ပြောင်းနေတာ၊ အရမ်းပျစ် သွားတာမျိုးတွေ ဖြစ်နေတယ်ဆိုရင်တော့ ဘရိတ်ဆီကို အမြန်ဆုံးလဲလှယ်ဖို့ လိုအပ်နေပါြပီ။ ဘာကြောင့်လဲဆိုတော့ ဘရိတ်ဆီအရောင်ပုံမှန် ဖြစ်နေတယ်ဆိုရင်တောင်မှ ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိအပြည့်ရှိ /မရှိ မသေချာ နိုင်တာကြောင့်ပါ။ ဘရိတ်ဆီအရောင် လုံးဝညစ်နေပြီဆိုရင်တော့ ဘရိတ်ဆီမှာ ရှိရမယ့် အရည်အသွေးတွေ လုံးဝမရှိတော့တာ သေချာနေလို့ပဲဖြစ်ပါတယ်

ဘရိတ်စနစ်မှာ ပြဿနာတစ်စုံတစ်ခု ပေါ်လာပြီဆိုလျှင် ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ ဘရိတ်စနစ်ကို အထောက်ပံ့ပေးတဲ့ ဘရိတ်ဆီ ကို သေသေချာချာ စနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေက ကင်းဝေးစေမှာပါ။

ကောင်းမွန်ပြီး အရည်အသွေး ပြည့်ဝတဲ့ ဘရိတ်ဆီတွေ က...

၁. သံချေးတတ်ခြင်း နဲ့ တိုက်စားခြင်းတို့မှ ကာကွယ်နိုင်မှု မြင့်မားခြင်း ကို ပေးစွမ်းပါတယ်။

၂. သံချေးတတ်ခြင်း နဲ့ တိုက်စားခြင်းတို့ကို ကြာရှည်စွာ ကာကွယ် နိုင်မှုရှိခြင်း ဖြစ်ပါတယ်။

မိမိကားရဲ့ ဘရိတ်ဆီကို စစ်ဆေးလဲလှယ်ဖို့ သတိရလိုက်ပါ။

Comments